Saturday, June 30, 2018

အိမ်အကူကို နှိပ်စက်တယ်ဆိုတဲ့ ပုသိမ် Design King အထည်ဆိုင်ပိုင်ရှင် လင်မယား ပါ သုံးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေး

ပုသိမ်မြို့  တဂေါင်းဘုရားလမ်းက Design King အထည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးနဲ့ ဆိုင်အလုပ်သမား ၁ ဦးတို့ ကို အိမ်အကူကို နှိပ်စက်မှုနဲ့ ဇွန်လ ၂၈ ရက်နေ့  ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီးစစ်ဆေးနေပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ အချက်တွေနဲ့လည်းညိစွန်းနေတဲ့အတွက်ဇွန်လ ၂၉ ရက်နေ့ မနေ့က ထပ်မံအမှုဖွင့်ပြီး ဖမ်းဆီးထားတယ်လို့  ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီး ခင်မောင်လတ်က  ပြောပါတယ်။

Design King အထည်ဆိုင် နေအိမ်မှာ အိမ်အကူအဖြစ်အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကထဲက ဆိုင်ပိုင်ရှင် ထက်လင်းသော် နဲ့ ဇနီးဖြစ်တဲ့ မဇင်မင်းသူက အိမ်အကူအမျိုးသမီးကို နေ့စဉ်ဆဲဆိုပြီး ခါးပတ်နဲ့ရိုက်တာ ၊ မီးပူနဲ့ထိုးတာ နေအိမ် ထဲမှာ အတွင်းခံဝတ်စုံနဲ့ဓာတ်ပုံရိုက်တာ တွေပြလုပ်ခဲ့ပြီး ဆိုင်အလုပ်သမားဖြစ်တဲ့ အောင်အောင်ကလည်း မကြာခဏထိုးကြိတ်ရိုက်ွှက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ရိုက်နှက်ခံရတာတွေကြောင့် အိမ်အကူအမျိုးသမီးက အိမ်ကိုပြန်ပို့ဖို့ပြောပေမယ့် မိခင်က လာတွေ့တဲ့အခါမှာလည်း တွေ့ဆုံပေးခြင်းမရှိဘဲ ဆုံးမတယ်ဆိုပြီး ရိုက်နှက်တာတွေလုပ်ခဲ့ပြီး ဇွန်န်လ ၁၈ ရက်နေ့မှာတို့ ၃ဦးစလုံးက ဝိုင်ဝန်းရိုက်နှက်တာမှာ ဒဏ်ရာတွေရရှိကာ နေအိမ်ကထက်ပြေးပြီး မိခင်နဲ့တိုင်ပင်ပြီး ရဲစခန်းကိုတိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

ရဲတပ်ဖွဲကတော့ အိမ်အကူကိုနှိပ်စက်မှုနဲ့  ထက်လင်းသော်၊ မဇင်မင်းသူ၊ အောင်အောင် တို့ သုံးဦးကို ပုသိမ်နယ်မြေရဲခန်း (ပ) ၂၉၇ / ၂၀၁၈ နာကျင်စေမှုပုဒ်မတွေဖြစ်တဲ့ ရာဇသတ်ကြီးပုဒ် ၃၅၄/၃၅၂/၃၂၄/၃၂၃ / ၂၉၄/ ၅၀၀/ ၁၁၄ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတာပါ။ ဒါ့အပြင်  လူကုန်ကူးမှူတာဆီး နှိမ်နင်းရေးတပ်ဖွဲ့ကလည်း စစ်ဆေးတာမှာ လုပ်အားခငွေခေါင်းပုံဖြတ်ခိုင်းစေတယ်လို့ စစ်ဆေးတွေ့ရှိတာကြောင့်  ပုသိမ်နယ် မြေစခန်း (ပ)၃၀၁/၂၀၁၈ လူကုန်ကူးမှုတားစီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၃ နဲ့ ထပ်မံအမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီးခင်မောင်လတ်ကပြောပါတယ်။