Tuesday, March 13, 2018

ငပုတောမြို့နယ်အတွင်း တောဆင်တစ်ကောင် အရေပြားနဲ့အစွယ်တွေဖြတ်ယူ အသတ်ခံရ


ငပုတောမြို့နယ်၊ မီးလောင်ပြင်ရွာအနီးမှာ တောဆင်တစ်ကောင် အရေပြားနဲ့ အစွယ်တွေဖြတ်ယူ အသတ်ခံခဲ့ရပါတယ်။

မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ငပုတောမြို့နယ် မီးလောင်ပြင်ရွာအနီးကမ်းပါးလွှတ်ချောင်းလက်တက် သပြုစမ်းအဖျားမှာ တောဆင်တစ်ကောင်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတစ်ဦးက ဒေသတာဝန်ခံတောအုပ်ကို သတင်းပို့လာတဲ့အတွက် ဘိနပ်တာဝန်ခံတောအုပ် ဦးကျော်ဇင်ဝင်း၊ ငပုတောမြို့မရဲစခန်း မှူး ဦးအောင်မျိုးထွန်း တို့ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့အစည်းတွေဖြစ်တဲ့ EERU/FOW/သစ်တောရဲ/နယ်မြေခံရဲတွေ/ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတာမှာ ဆင်ရဲ့ အရေပြားနဲ့ အစွယ်တွေဖြတ်တော်ခံထားရတာတွေ့ရှိခဲ့တယ်လို့ ဧရာဝတီဆင်ချစ်သူများအဖွဲ့ကထုတ်ပြန်ပါတယ်။

တောဆင်သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ငပုတောမြို့မစခန်းမှူး ဦးအောင်မျိုးထွန်းနဲ့ ငပုတောမြို့နယ်သစ်တောဦးစီးဌာနက တောအုပ်ဦးကျော်ဇင်ဝင်းတို့က ဆက်လက်အမှုဖွင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတောဆင်တွေမကြာခဏဆိုသလိုသတ်ဖြတ်ခံနေရပြီးမနှစ်ကဆိုရင် တော်ဆင် ၁၅ ကောင်အထိသတ်ဖြတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတောဆင်တွေဟာ ပဲခူးရိုးမနဲ့ ဧရာဝတီမှာကျက်စားကြပြီး တစ်ပတ်ကို တစ်ကောင်နှုန်းသတ်ဖြတ်ခံနေရပါတယ်။ ဒါ့ကြောင့်လည်း တောဆင်တွေမျိုးတုန်းပျောက်ကွယ်လာမှာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ WWF ကစိုးရိမ်နေပြီး ဥပရောပသမဂ္ဂအနေနဲ့ကလည်း ဒေသတွင်းနဲ့ နယ်စပ်ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်လို့ တရားမဝင်ရောင်းဝယ်ဖောက်ကားနေတာတွေကို ရပ်တန့်စေဖို့ နဲ့ အမြန်ဆုံးအရးယူဆောင်ရွက်မှုတွေလ်ုပဖို့တိုက်တွန်းထားပါတယ်။

မကြာသေးခင်ကတော့ WWF ၊ သစ်တောဦးစီးဌာနနဲ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများအသင်း  FOW တို့ပူးပေါင်းပြီး ဆင်ပစ်မုဆိုး သတင်းပေးရင် ငွေကျပ်သိန်း ၃၀ ပေးမယ့်အကြောင်း ဖြန့်ဝေထားပြီး ဆင်ပစ်မုဆိုးတွေကို သတင်းရယူဖမ်းဆီးလျက်ရှိပါတယ်။
ဓာတ်ပုံ - ဧရာဝတီ ဆင်ချစ်သူများအဖွဲ့

No comments:

Post a Comment